ဈေးကွက်ဈေးနှုန်း

“Making an export plan‘’ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myantrade) နှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ (GIZ) ၏ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တို့ပူးပေါင်း၍ ၂၉-၁၁-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ နန်းထိုက်သူဟိုတယ်တွင် “Making an export plan‘’ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်က ယခုကဲ့သို့အလုပ်ရုံဆွေးနွေးပွဲများကို ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့တို့တွင် အသီးအသီးကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံစိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါကြောင်း၊ သင်တန်း၏ ရည်ရွယ်ချက်မှာ ပို့ကုန်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်ရာတွင် ကြိုတင်ပြင်ဆင်ထားရမည့် သိသင့်သိထိုက်သော အသိပညာဗဟုသုတများကို သက်ဆိုင်ရာ စိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်များသိရှိပြီး၊ လက်တွေ့အသုံးချနိုင်ရန်ဖြစ်ကြောင်း၊  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myantrade) ကို ၂၀၁၆ ခုနှစ်၊ ဧပြီလကစတင်၍ တရားဝင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဌာန၏လုပ်ငန်းစဉ်များတွင် ကုန်သွယ်မှုသတင်းအချက်အလက်ပေးခြင်း၊ ပြည်တွင်းပြည်ပကုန်စဉ်ပြပွဲများပါဝင်နိုင်အောင်ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများစီစဉ်ကျင်းပပေးခြင်းနှင့် ယခုလိုအလုပ်ရုံဆွေးနွေးပွဲများကျင်းပပေးခြင်းတို့ ပါဝင်ကြောင်း၊ ကမ္ဘာ့ဘဏ်ကပြုလုပ်သည့် မြန်မာနိုင်ငံ၏ Ease of doing business အညွှန်းကိန်းများတက်အောင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလောတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး မြို့ကြီးများ၌ ကုန်သွယ်မှုဗဟိုဌာနများဖွင့်လှစ်ပြီး၊ ဒေသခံပို့ကုန်လုပ်ငန်းများဖွံ့ဖြိုးရန်ဆောင်ရွက်လျက်ရှိရာ ကုန်သွယ်မှုဗဟိုဌာန (၁၃) ခုအားဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ ပြည်ပဈေးကွက်များနှင့် ချိတ်ဆက်နိုင်ရန်နှင့်သတင်းအချက်အလက်များဖလှယ်ရယူနိုင်ရန် နိုင်ငံပေါင်း (၉) နိုင်ငံသို့ စီးပွားရေးသံမှူးများစေလွှတ်ထားပြီးဖြစ်ပါကြောင်း၊ မကြာမီကျင်းပပြုလုပ်သွားရန်ရှိသည့် ပြည်တွင်း နို်ငငံတကာကုန်စည်ပြပွဲကိုလည်းတက်ရောက်နိုင်ရန် တရုတ်နိုင်ငံအစိုးရနှင့်ဆွေးနွေးလျက်ရှိကြောင်းနှင့် မကွေးမြို့မှလုပ်ငန်းရှင်များကိုလည်း ပါဝင်နိုင်ရန်ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲလည်းအောင်မြင်ပြီးမြောက်မည်ဟု ယုံကြည်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိကျင်းပပြုလုပ်ခဲ့ရာ မကွေးမြို့ပေါ်မှသာမက ပခုက္ကူ၊ တောင်တွင်းကြီး၊ ရေစကြို၊ မြိုင်နှင့် အောင်လံမြို့တို့မှစီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်စည်ဒိုင်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအရာရှိများစုစုပေါင်း ၃၅ ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။